မျက်မြှေး ဘာကြောင့် ရောင်ရသလဲ
မျက်လုံးတွေ နီရဲပြီး နာနေရင် မျက်စိနာတယ်လို့ အရပ်ထဲမှာ အလွယ်တကူ ပြောလေ့ရှိကြတယ် မဟုတ်လား။ မျက်စိနာတဲ့သူကို ကြည့်မိရင် ကူးတတ်တယ်ဆိုလို့ မကြည့်ရဲတာမျိုးရော ဖြစ်ဖူးကြလား။
အဲဒီလို မျက်စိနာတယ်လို့ ပြောလေ့ရှိကြတာကို ဆေးပညာအားဖြင့် Conjunctivitis လို့ ခေါ်ပြီး မျက်မြှေးရောင်တာပါ။ မျက်စိကို ဖုံးအုပ်ထားတဲ့ အမြှေးပါးလေးဟာ ရောဂါပိုးကြောင့် ဒါမှမဟုတ် ဓာတ်မတည့်မှုကြောင့် ရောင်လာတတ်ပါတယ်။
မျက်မြှေးရောင်တဲ့ လက္ခဏာတွေက ဘာလဲ?
များသောအားဖြင့် မျက်စိနှစ်ဖက်လုံး တစ်ပြိုင်တည်း ဖြစ်တတ်ပြီး
- မျက်စိက နီရဲနေတာ
- မျက်စိနာပြီး ခုလုခုလု ဖြစ်နေတာ
- ပြည်လို မျက်ဝတ်တွေထွက်ပြီး မျက်တောင်မွှေးတွေနဲ့ ကပ်နေတာ
- မျက်စိယားတာ
- မျက်ရည်ကျနေတာတွေ ဖြစ်တတ်ပါတယ်။
ဘာကြောင့် ဖြစ်ရတာလဲ?
- ဘက်တီးရီးယားပိုးတွေ
- ဗိုင်းရပ်စ်ပိုးတွေ (အအေးမိတုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်)
- မှိုပိုးနဲ့ ကပ်ပါးပိုးတွေ
- ရှန်ပူ၊ ဖုန်မှုန့်၊ မီးခိုးနဲ့ ရေကူးကန်ထဲက ကလိုရင်းတွေ၊ ပန်းဝတ်မှုန်၊ မျက်ကပ်မှန် စတာတွေနဲ့ ဓာတ်မတည့်တာ
- မျက်စဥ်းခပ်ရာက ဓာတ်မတည့်တာ
- မျက်တောင်မွှေးကျွတ်ပြီး မျက်စိထဲဝင်တာတွေကြောင့် မျက်မှေးရောင်နိုင်ပါတယ်။
တစ်ယောက်ကို တစ်ယောက်ကြည့်ယုံနဲ့ ကူးစက်နိုင်သလား?
ကြည့်ယုံနဲ့တော့ မကူးစက်နိုင်ပါဘူး။ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာက ထိတွေ့တာ၊ အသုံးအဆောင်တွေ မျှဝေရာက ကူးစက်နိုင်ပြီး ကျန်တာတွေက မကူးစက်နိုင်ပါဘူး။
သက်သာဖို့အတွက် ဘာလုပ်သင့်သလဲ?
- ရေကျက်အေးနဲ့ ဂွမ်းစအသုံးပြုကာ မျက်တောင်တွေကို သန့်ရှင်းရေးလုပ်ပါ (မျက်စိတစ်ဖက်ကို ဂွမ်းစတစ်စသုံးပါ)။
- နူးညံတဲ့ အဝတ်စသန့်သန့်ကို ရေညှစ်ပြီး မျက်စိပေါ် မိနစ်အနည်းငယ်ကြာအောင် တင်ထားပါ။
- မျက်စိကို တတ်နိုင်သမျှ အနားပေးပါ။
- မျက်နှာကို ရေနွေးနွေးနဲ့ ဆပ်ပြာနဲ့ နေ့စဥ်ဆေးကြောပါ။
- မျက်နှာသုတ်ပဝါနဲ့ ခေါင်းအုံးတွေကို သေချာလျှော်ဖွပ်ပါ။
- ချောင်းဆိုးနှာချေတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို အုပ်ထားပါ။
- တဘက်တွေ၊ ခေါင်းအုံးတွေကို မျှဝေသုံးစွဲခြင်း မပြုပါနဲ့။
- မျက်စိကို မပွတ်ပါနဲ့။
- တတ်နိုင်သမျှ လူကြားထဲသွားခြင်းမှ ရှောင်ပါ။
- ယားယံတာ သက်သာစေတဲ့ antihistamine ပါတဲ့ ဆေးတွေ သောက်နိုင်သလို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဝယ်လို့ရတဲ့ မျက်စဥ်းတွေ ခပ်လို့ရပါတယ်။
အကယ်၍ ၂ ပတ်ကြာတဲ့ထိ မသက်သာဘူးဆိုရင် (အရမ်းနာနေနီရဲနေတာ၊ အလင်းရောင်ကို မကြည့်နိုင်တာ၊ အမြင်ဝါးလာတာမျိုး ရှိရင်) မျက်စိဆရာဝန်နဲ့ ပြသသင့်ပါတယ်။
ဘက်တီးရီးယားကြောင့် ဖြစ်တာဆိုရင် ဆရာဝန်က သင့်တော်တဲ့ ပိုးသတ်ဆေးမျက်စဥ်းနဲ့ သောက်ဆေးတွေ ပေးပါလိမ့်မယ်။ လိင်ကတဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် ရောင်တာဆိုရင်တော့ ကုသမှုက ပုံမှန်ထက် ပိုကြာနိုင်ပါတယ်။
မျက်မှေးရောင်ပြီး မျက်စိနာတာဟာ အဖြစ်များပြီး ခံစားရခက်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ဘဝမှာ မျက်စိမနာဖူးတဲ့သူကလည်း ခပ်ရှားရှားပဲ ဖြစ်မှာမို့ မျက်စိနာခဲ့ရင်လည်း အမြန်ဆုံးသက်သာအောင် နေထိုင်နိုင်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်